New Page 1

ဘဝရဲ့ဆည်းဆာ ဆိုဒ်ကလေးမှ ကြိုဆိုပါတယ်ခင်ဗျာ... လာရောက်လည်ပတ်တဲ့အတွက်လည်း အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ...အမှားအယွင်းတစ်စုံတရာရှိပါက နားလည်ခွင့်လွှင့်ပေးကြပါရန် မေတ္တာရပ်ခံပါရစေ....

Pages

Sunday, September 23, 2012

အဖ သို့ လွမ်းချင်း

ဖေဖော်ဝါရီ ရောက်ပြန်ပြီလေ..
ဖေဖော်ဝါရီရဲ့ကောင်းကင်ထဲမှာ
ပြိုးပြိုးပြက်ပြက်လင်းလက်သွားစေတဲ့
"ဆယ့်သုံးရက်နေ"့ ဆိုတာ
တစ်သက်လုံးမမေ့နိုင်စရာပေါ့
အဲဒီနေ့မှာ..
"ထိန်လင်း" ဆိုတဲ့ ကြယ်တစ်ပွင့် ထွန်းတောက်ခဲ့တယ်
"ဗိုလ်တေဇ" ဆိုတဲ့ လတစ်စင်း ထွန်းပခဲ့တယ်
"ဗိုလ်အောင်ဆန်း" ဆိုတဲ့ နေမင်း ထွန်းလင်းခဲ့တယ်
အဲဒါ-ငါတို့ရဲ့ အဖေ
ငါတို့အားလုံးရဲ့ အဖေ...
လွမ်းတယ် အဖေ-
ဖေဖော်ဝါရီရဲ့ နှင်းအေးအေးတွေဖုန်းလွှမ်းတဲ့အခါ
အဖေ့နှလုံးသွေးနဲ့ ပက်ဖျန်းထားသလို ခံစားရတယ် အဖေ..
ဖေဖော်ဝါရီရဲ့ နေခြည်နွေးနွေးတွေခြုံလွှမ်းတဲ့အခါ
အဖေ့လက်မောင်းနဲ့ ထွေးပွေ့ထားသလို ခံစားရတယ် အဖေ..
ဖေဖော်ဝါရီထဲမှာ အဖေထုဆစ်ပုံဖော်ပေးခဲ့တဲ့
ပင်လုံတောင်တန်း၊ မြစ်ကမ်းနဲ့ပင်လယ်တွေကြားမှာ
ရွှေပြည်အေးတရား ဟောလှည့်ပါဦး အဖေရယ်..
(အံ့သြစရာကောင်းပုံများ-)
ဖေဖော်ဝါရီ(၁၃) ရက်မှာမွေးဖွားခဲ့တဲ့ ကြယ်တစ်ပွင့်
တော်မီ(၁၃) ချက်နဲ့ ကြွေလွင့်ရရှာသတဲ့
ရင်နင့်လှပါရဲ့ အဖေရယ်...


                                    (၂)
"အဖေ"
ငါတို့အားလုံးရဲ့ အဖေ
ငါတို့ကို တောင်ပံတပ်ပေးခဲ့တဲ့ အဖေ
တပ်မတော်ကို စိုက်ပျိုးခဲ့တဲ့ အဖေ
နိုင်ငံတော်ကို တူးဖော်ခဲ့တဲ့ အဖေ
ကျေးဇူးတော် အနန္တနဲ့ အဖေ...
အဖေ့ရဲ့နှလုံးသားကိုထုဆစ်
အဖေ့ရဲ့ ပုခုံးသားအဖုအထစ်တွေနဲ့
ငါတို့ရဲ့ တောင်တန်းကြီးတွေဖြစ်စေခဲ့တယ်..
အဖေ့ရဲ့ သွေးတွေနဲ့သွန်းလောင်း
အဖေ့ရဲ့ ချွေးတွေနဲ့ပေါင်းပြီး
စစ်တောင်း ဧရာဝတီ၊ သံလွင်ချင်းတွင်း
မြစ်ကြီးလေးစင်း စီးဆင်းစေခဲ့တယ်..
ကြည့်စမ်း-
အဖေဟာ
သူ့ရဲ့ အရေပြားကိုလွှာစုတ်
ငါတို့ကို ခြုံထည်ချုပ်ပေးခဲ့တယ်..
သူ့ရဲ့ အသားပြင်ကိုဖြန့်ခင်း
ငါတို့ကို လျှောက်နင်းစေခဲ့တယ်..
သူ့ရဲ့ အရိုးတွေကိုရိုက်ချိုး
ငါတို့ကို တံတားထိုးပေးခဲ့တယ်..
သူ့ရဲ့ အကြောမျှင်တွေနဲ့သီကုံး
ငါတို့ကို စည်းလုံးစေခဲ့တယ်..
ဒီလိုနဲ့-
ငါတို့တတွေ ရှင်သန်လွတ်လပ်
တောင်ပံခတ်ခွင့်ရခဲ့တယ်
တောင်ပံခတ်ခွင့်ရခဲ့တယ်...
                                   (၃)
လွမ်းတယ်အဖေ-
အဖေတပ်ဆင်ပေးခဲ့တဲ့ လွတ်လပ်တောင်ပံတွေလည်း
ပျံသန်းခွင့်မရခဲ့ဘူး အဖေ..
အဖေစိုက်ပျိုးခဲ့တဲ့ တပ်မတော်စိမ်းစိမ်းစိုစိုတွေလည်း
အရိပ်ခိုခွင့်မရခဲ့ဘူး အဖေ..
အဖေတူးဖော်ခဲ့တဲ့ နိုင်ငံတော်လည်း
ရေညှိရေမှော်တက်ခဲ့ပြီ အဖေ..
လွမ်းတယ် အဖေ-
အဖေ့ကိုမှန်းဆ၊ လွမ်းရတယ် အဖေ..
အဖေတူးဖော်ခဲ့တဲ့ ရတနာအဆီအနှစ်တွေလည်း
စစ်ဘီလူးတို့ရဲ့" ဝေသာလီ" ဖြစ်ခဲ့ပြီ အဖေ..
အဖေ့ကျောပြင်မှာ နေရာခင်းထားသူတွေကလည်း
ငွေစက္ကူထဲက ဆင်းခိုင်းကြတယ် အဖေ..
အဖေ့ရဲ့ဂုဏ်ဒြပ်တွေကို အလေးအမြတ်ပြုချင်သူတွေလည်း
အဖေ့ရဲ့ရုပ်တုရှေ့မှာတောင်မရပ်ရဲကြတော့ဘူး အဖေ..
အဖေ့ကိုရည်မှန်းပြီး ဆွမ်းကပ်ချင်သူတွေလည်း
ပထွေးကိုပဲ လက်အုပ်ချီနေကြရတယ် အဖေ..
ခေတ်သစ်"အဇာတသတ်" တို့ရဲ့ နေရာလုပွဲမှာ
(အေးအေးဆေးဆေး၊ စာလေးရေးရင်း
ဘေးကဟားတိုက်၊ ရယ်လိုက်ပါဦးလား အဖေရယ်...)
လွမ်းတယ်အဖေ-
အပ်တစ်ချောင်းမှမရှိတဲ့ ပြည်သူတွေကို
သေနပ်ပြောင်းဝနဲ့ အနိုင်ယူတာတွေ့တိုင်း
အဖေ့ကိုတမ်းတ၊ လွမ်းရတယ် အဖေ..
ယုံကြည်ချက်တွေကို သော့ခတ်မရလို့
ယုံကြည်သူတွေကို ထိပ်တုံးခတ်တာတွေ့တိုင်း
အဖေ့ကိုတမ်းတ၊ လွမ်းရတယ် အဖေ..
ထမင်းရည် ချောင်းမစီးဘဲ
ပြည်သူတွေ သွေးချောင်းစီးတာတွေ့တိုင်း
အဖေ့ကိုတမ်းတ၊ လွမ်းရတယ် အဖေ..
ပြည်သူ့အတွက်ဝေဆာစေချင်တဲ့ အဖေ့ဥယျာဉ်ထဲ
လူတစ်စုအတွက် ပဒေသာပင်တွေတွေ့တိုင်း
အဖေ့ကိုတမ်းတ၊ လွမ်းရတယ် အဖေ..
                                    (၄)
အဖေ-
အဖေပေးခဲ့တဲ့ အတောင်ပံတွေကိုအသုံးချဖို့
သံလှောင်အိမ်ထဲက ရုန်းကြွဆဲပါ အဖေ..
အဖေတို့ရဲ့ "ကျောင်းနံရံတစ်ဝိုက်မှာ
ဒေါင်းအလံပြန်စိုက်ကြမယ်"  အဖေ..
အဖေတူးဖော်ခဲ့တဲ့ နိုင်ငံတော်ကို
ပြန်တူးဖော်ကြရဦးမယ် အဖေ..
"တာဝန်တွေကို မကြောက်
တာဝန်မကြေမှာပဲ ကြောက်တယ်" အဖေ..
အဖေ့ခြေရာ၊ မဗေဒါလည်း
ကေသာဆံထက်
ပန်းပန်လျက်ပါပဲ အဖေ...
"ကံတရား၏ ရိုက်ပုတ်ခြင်းဒဏ်ချက်တို့ကြောင့်
ငါ၏ဦးခေါင်းသည် သွေးသံတို့ဖြင့်ရဲရဲနီ၏..
သို့သော်-ညွှတ်ကားမညွှတ်"  ဆိုတဲ့ အဖေ့စကား
အမြဲကြားမိ၊ အားရှိတယ် အဖေ..
အမြဲတမ်းတ၊ လွမ်းရပါတယ် အဖေရယ်...။      ။
(ဖခင်-ဗိုလ်ချုပ်အောင်ဆန်း၏ ဖေဖော်ဝါရီ(၁၃) ရက်နေ့တွင်ကျရောက်သော
မွေးနေ့အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုဖွဲ့ဆိုပါသည်။)


နေလ

0 comments:

Post a Comment