New Page 1

ဘဝရဲ့ဆည်းဆာ ဆိုဒ်ကလေးမှ ကြိုဆိုပါတယ်ခင်ဗျာ... လာရောက်လည်ပတ်တဲ့အတွက်လည်း အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ...အမှားအယွင်းတစ်စုံတရာရှိပါက နားလည်ခွင့်လွှင့်ပေးကြပါရန် မေတ္တာရပ်ခံပါရစေ....

Pages

Saturday, September 22, 2012

June 19 မှာ မိုးဖွဲတွေကျနေမလား ---အမေ



June 19 မှာ မိုးဖွဲတွေကျနေမလား ---အမေ

အမှတ်တရ ပုံပြင်တစ်ပုဒ်မဟုတ်ခဲ့ဘူး
ဒါပေမယ့် -- လူတိုင်းကိုယ်စီရင်ထဲရှိခဲ့ကြ
အဲဒီတစ်ရက်က --မိုးတွေစွေနေမလားအမေ
ကောင်းကင်မှာ ကြယ်တွေအစုံပြိုင်တူလင်းခဲ့ကြ
မြေကမ္ဘာတောင် တုန်ဟီးလို့ သြဘာပေးကြ
အမေဟာ--- လူ့လောကထဲ တည်ကြည်ရဲရင့်ခြင်းနဲ့ရောက်ရှိလာခဲ့ ။

ဆိုးတယ်အမေ ---
လောကဓံဟာ အမေ့အတွက်ဆိုးတယ်
လူတွေအတွက်ဆိုးတယ်
မြန်မာပြည်ကြီးအတွက်ဆိုးတယ်
လူဆိုးသူခိုးတွေလည်းပေါပ
အမေ စိတ်ညစ်နေမလားဟင်
အမေချခဲ့တဲ့လမ်း အမေလျှောက်ခဲ့တဲ့လမ်း
ပန်းတွေပွင့်ရမယ့်အစား ဆူးခယောင်းတွေနဲ့သာ ပြည့်နှက်နေခဲ့ရ ။



အမေ -- စံယူထိုက်တဲ့ စိတ်ဓါတ်ကိုမွေးဖွား
မြန်မာပြည်ကို သန့်စင်ပေးချင်ခဲ့သူ
ကျွန်တော်တို့အတွက်သိပ်စိမ်းတဲ့စကားလုံး ဘာတဲ့
“ လူ့အခွင့်အရေး ” နဲ့ “ ဒီမိုကရေစီ ”
အမေပင်ပန်းနေတာ ကျွန်တော်သိပါတယ် အမေ ။

ခရီးက ဝေးလေလေ --အမှောင်ကမိုက်လေလေ
လိုက်နေသမျှဝေး---အခုဘာတွေတွေးနေသလဲ အမေ
အခြေခံစိတ်ဓါတ်တွေမြှင့်တင်ဖို့လိုတယ်
အခြေခံ အလုပ်သမား အခွင့်အလမ်းတွေရှိဖို့လိုတယ်
အခြေခံ ပညာရေးစနစ် ထွန်းကားဖို့လိုတယ်
အခြေခံ ---
အခြေခံ---
ဟုတ်တယ်အမေ ကျွန်တော်တို့ဟာ အခြေခံလူတန်းစားတွေပါ ။

လက်တဆုပ်စာ လူချမ်းသားတွေစီးသွားတဲ့ အကောင်းစားဇိမ်ခံကားကြီးတွေငေးကြည့်ရင်း
လမ်းဘေးအကြော်တဲ ထဲ ၀မ်းဗိုက်ဖြည့်နေကြရတယ်
လက်တဆုပ်စာ လူချမ်းသာတွေ စားနေတဲ့အကောင်းစား ဟော်တယ် စာတွေ ငေးရင်း
ညနေစာအတွက် ပူပန်နေကြရတယ်
လက်တဆုပ်စာ လူချမ်းသာတွေ ၀တ်နေတဲ့ အကောင်းစားအ၀တ်အစားတွေငေးကြည့်ရင်း
ခြင်ထောင် အပေါက် ထဲ ခြင်မ၀င်အောင် ပါဏာတိပါတာကို မျက်ကွယ်ပြုထားရတယ်
ဒီလိုပါပဲအမေ ---ကွာဟမှုအလွှာတွေ ကျယ်ပြန့်လာတဲ့အခါ
ဘ၀ဟာ နေပျော်စရာမကောင်းတော့ဘူး ။

အမေ --- ကျွန်တော်တို့ လမ်းတွေပွင့်နေပြီတဲ့
၁၅ သိန်းတန်ဖုန်းတွေ ၂ သိန်းဖြစ်သွားကြတယ်
အလှမ်းဝေးနေတုန်းပါပဲလားအမေ
သိန်း ၁၀၀၀ တန်ကားတွေ သိန်း ၃၀၀ ဖြစ်သွားကြတယ်
အိပ်မက်တစ်ခုအဖြစ်ရှိနေဆဲပါပဲလားအမေ
အမေမြင်ချင်တဲ့ “ တန်းတူညီမျှ အခွင့်အရေး ”
ကောင်းကင်မှာ ခပ်ရေးရေးတော့ရှိနေဆဲပါ ။

နှစ် ၂၀ ကျော်ကြာခဲ့ပြီအမေ
အမေ့ဆံနွယ်တွေလည်း အဖြူခက်တွေ ပွင့်ဝေလို့
ရင့်ကျက်တည်ငြိမ်ခြင်းနဲ့
တိုင်းပြည်ချစ်စိတ်ကို ရှေ့တန်းတင်
အမေ့ရင်တွေ အရင်လို နွေးနေဆဲ
ကမ္ဘာ့အလယ်မှာ အမေဟာ ကြယ်တစ်ပွင့်
ဖျက်ကနဲလင်းခဲ့တာမဟုတ်ဘူး
အမေပေးဆပ်ခဲ့တဲ့ “ငြိမ်းချမ်းရေး ”
မြန်မာပြည်ကြီး စိမ်းလန်းပါတော့မယ်အမေ ။

အမေပြုံးရယ်လိုက်တိုင်း လေပြည်ညှင်းကလေးတွေပျော်မြူးတယ်
မြန်မာဝတ်စုံကို ဂုဏ်ယူစွာ ၀တ်ဆင်လို့
အမေ့သမီးတွေကို လမ်းပြပေးခဲ့
ပြောပြလိုက်ပါအမေ
“ကမ္ဘာ့အလယ်မှာ မြန်မာဟာ အမေချစ်တဲ့ တိုင်းပြည်ဖြစ်ကြောင်း ”

ငါ့တိုင်းပြည်အတွက်ငါလောဘကြီးတယ်
ငါ့လူမျိုးအတွက်ငါလောဘကြီးတယ်
ဒီမိုကရေစီအတွက်ငါလောဘကြီးတယ်
လူ့အခွင့်အရေးအတွက် ငါလောဘကြီးတယ်
ဂုဏ်ယူပါတယ်အမေ
ရှေ့ဆောင်လမ်းပြမှုတွေနဲ့ အမေ့စကားသံတွေ
လက်ခုပ်သံတဖြောင်းဖြောင်း ရဲ့ကြား
ဝင့်ထယ်တောက်ပနေခဲ့ ။

ဇွန်လမှာ မိုးတွေ သည်းနေမလားအမေ
၁၉ ဂဏန်းညွှန်တဲ့ ပြက္ခဒိန်တစ်ရွက်မှာ
အမေဟာ အသက်တစ်နှစ်ပိုကြီးသွားခဲ့ရ
“ Happy Birthday ပါ အမေ ”
ယုံကြည်ချက်တွေ အစဉ်ရဲရင့်ပါစေ
မြင့်မြတ်တဲ့ ချစ်ခြင်းတရားတွေနဲ့
ကျွန်တော်တို့ အားလုံးကို လွှမ်းခြုံရစ်ပါအမေ ။


နေလ

0 comments:

Post a Comment