လဖေဖော်ဝါရီ ၊ အစချီကာ
ချိန်ခါရက်မြတ် ၊ ဆယ့်သုံးရက်က
မြန်မာ့ဂုဏ်ရောင် ၊ ထွန်းပြောင်စေလို့
တောင်ကျွန်းဇမ္ဗူ ၊ သက်သေထူသူ
ပြည်သူများတွက် ၊ စဉ်ပေးဆပ်ပြီး
လွတ်လပ်ရေးအတွက် ၊ အသက်ပေးကာ
စွန့်သွားရှာသူ ၊ အာဇာနည်သွေး
အဖေ့မွေးနေ့ ၊ အစဉ်မမေ့ခဲ့ပါဘူး အဖေ။ ။
ဟိုတုန်းချိန်ခါ ၊ ပြည်မြန်မာမှာ
မိစ္ဆာနယ်ချဲ့ ၊ လွှမ်းခြုံခဲ့လို့
တို့ ဘိုးဘွားတွေ ၊ ဒုက္ခဝေကာ
လူမျိုးဘာသာ ၊ သာသနာလဲ
ညှိုးရော်မဲမှောင် ၊ ညသန်းခေါင်လို
လင်းရောင်ကွယ်ပျောက် ၊ လမ်းပျောက်ခဲ့ပြီး
မင်းမဲ့တိုင်းပြည် ၊ ဖြစ်တည်ခဲ့တာ
မမေ့ခဲ့ပါဘူး အဖေ။ ။
သူ့ကျွန်ဘဝ ၊ နှစ်တစ်ရာမှ
လမ်းပြကယ်တင် ၊ ဇွဲမာန်ယှဉ်လို့
သမိုင်းထင်ကျန် ၊ အဖိနှိပ်ခံပြီး
မြန်ပြည်လွတ်လပ်ရေး ၊ အရယူပေးခဲ့တာလဲ
မမေ့ခဲ့ပါဘူး အဖေ။ ။
သုံးကျိတ်ရဲဖော် ၊ အစဖော်ကာ
သစ္စာကိုဆောက် ၊ ဆူးလမ်းလျှောက်ပြီး
ဒုက္ခမီးတိုင် ၊ ရဲရဲကိုင်လျှက်
ရက်စက်အမှောင်တွင်း ၊ လ, နှယ်လင်းစေဖို့
လမ်းခင်းခဲ့တာလဲ အဖေပါပဲ။ ။
တိုင်းပြည်အကျိုး ၊ မျှော်ကိုးကာရည်
ရဲရဲနီစွေး ၊ အဖေ့သွေးနဲ့
နယ်ချဲ့ကိုနှင် ၊ သွေးချင်းယှဉ်ဖို့
စွဲထင်မှတ်သား ၊ ဖ စကားအတိုင်း
ကယား ကချင် ၊ မွန် ကရင်မှစ
မြန်ပြည်တလွှား ၊ ညီနောင်ဘွားတို့
အားစုလို့ချီ ၊ ပင်လုံ ဆီသို့
သက်သေတည်ပြု ၊ ထွင်းထုခဲ့တာ အဖေပါ။ ။
ဂုဏ်ရှိန်မမက် ၊ ငွေ မမက်ပဲ
အဖေ မက်တာ ၊ တိုင်းပြည်သာဖို့
လွတ်လပ်ဖို့ကို ၊ အပိုမပြော
ချိုသံမနှော ၊ တောသားလူရိုး
နှုတ်ကဆိုးလဲ ၊ စိတ်ထဲဖြူစင်
မထင်ရက်ပါ ၊ ပမာ' မှိုင်း' စကား
' အရိုင်းလား 'လို့လေ။ ။
အဖ ဂုဏ်အင် ၊ သမိုင်းတွင်လို့
ပမာယှဉ်ပြ ၊ တုနှိုင်းရရင်
အမှောင်တိမ်ခွင်း ၊ ရှင်နေမင်းလို
မေတ္တာရောင်လင်း ၊ လ, တစ်စင်းလို။
သတ္တိထွန်းပြောင် ၊ ဘုရင့်နောင်လို။
ဆင်ခြင်တွေးစ ၊ မမှားရအောင်
ရှေ့ဆောင်လမ်းပြ ၊ မိ နှင့် ဖ လိုပါ။ ။
လွတ်လပ်ရေးဖခင် ၊ ကျေးဇူးရှင်သို့
မြင်ယောင်မှန်းရည် ၊ ကန်တော့ပါသည် အဖေ။ ။
အဖ စကား ၊ ရင်ဝယ်ထားပြီး
အမှားကိုပြင် ၊ ရှေ့လမ်းစဉ်သို့
ထားစို့ဓိဌာန် ၊ ညီစို့လက်တွဲ
တူမခွဲပဲ ၊ စွဲမြဲရည်စူး
ကျေးဇူးဆပ်မလေ ၊ တို့ ညီအကိုတွေ။ ။
အဖ ပြသောလမ်း ၊ ညီညာမှန်းလို့
လျှောက်လှမ်းစို့လေ ၊ တို့ ညီအကိုတွေ။ ။
ကမ္ဘာ့အလယ် ၊ ဂုဏ်မငယ်စေဖို့
ထမ်းရွက်စို့လေ ၊ တို့ ညီအကိုတွေ။ ။
နေလ
Sunday, September 23, 2012
မေ့မရနိုင်သော အဖေ
8:29 AM
ကဗျာ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment